Taung Tan Sayadaw Gyi
U Ottamasara
အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိက
တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ
ဟောကြားတော်မူသောတရားတော်များ
ဆရာတော်ကြီးကို ခမည်းတော်
ဦးဘိုညို+မယ်တော် ဒေါ်သေးတာ-တို့က ၁၂၇၂-ခု
ပြာသိုလပြည့်ကျော် ၁-ရက်နေ့တွင်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်
ငွေတွင်းကုန်းကျေးရွာတွင် ဖွားမြင်တော်မူသည်။
၁၂၈၄-ခု ရွာကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို
ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏
ပစ္စယာနုဂ္ဂဟကိုဖြင့် ရှင်သာမဏေအဖြစ်
ရောက်တော်မူသည်။ ၁၂၉၂-ခုနှစ်တွင်
ငွေတွင်းကုန်းဆရာတော် ဘဒ္ဒန္တဝိလာသကို
ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။
ဆရာတော်သည် မုံရွာမြို့၊ ရွှေသိမ်တော်တိုက်၊
မဟာလယ်တီတိုက်၊ စစ်ကိုင်းတောင် မဟာသမယချောင်၊
မန္တလေးမြို့၊ ချမ်းသာကြီးမြောက်တိုက်၊
အမရပူရမြို့ တူးမောင်းတိုက်၊ ပခုက္ကူမြို့
မဟာဝိသုတာရာမတိုက်တို့ရှိ ဆရာတော်ကြီး
များထံတွင် ပရိယတ္တိစာပေများကို
သင်ယူတော်မူခဲ့သည်။ ပရိယတ္တိစာပေများ သင်ယူပြီး
ဝေးလံခေါင်းပါးသော တောင်တန်းဒေသတွင်
နှစ်ပေါင်း ၅၀-တိုင် သီတင်းသုံးနေထိုင်လျက်
ဒေသခံ တိုင်းရင်းသားတို့အား ဗုဒ္ဓတရားတော်များ၊
ကျင့်ကြံပွားများနိုင်ရန်
သာသနာပြုတော်မူခဲ့သည်။
ဆရာတော်သည် အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊
ဟိမဝန္တာတခိုသို့၎င်း၊ အာသံ၊ မဏိပူရ၊
နာဂတောင်တန်းသို့၎င်း၊ တောအနှံ့၊ တောင်အနှံ့
ခြေကျင်ကြွတော်မူပြီး သာသနာပြုတော်မူသည်။
ဆရာတော်သည် ဗြဟ္မဝိဟာရတရား လေးပါးကို
လက်ကိုင်ထား၍ သီတင်းသုံးနေတော်မူခြင်းဖြစ်သည်။
ဆရာတော်ကြီး သီတင်းသုံးတော်မူသော
ခန္တိန်တောင်ခေါ် ကျောက်တောင်ကြီးကမ်းပါး၌
လှည်းဘီးပမာဏရှိသော ပျားအုံကြီးများ
နှစ်စဉ်လာစွဲလေ့ရှိသည်။ အကောင်ကြီး၍
အဆိပ်ပြင်းသည်။ တနှစ်သောဆောင်းရာသီတွင်
ခြံအလုပ်သမားများက မီးရှို့ပြီး ပျားအုံယူရန်
ကြိုးစားရာ ပျားကောင်အများ မီးခိုးမွှန်၍
အုံကြွကာ တွေ့မြင်ရာလူကို လိုက်တုပ်ကြသည်။
ထိုအချိန်တွင် ဆရာတော်ကြီးသည် ပျားကောင်များ
ပျံသန်းသည့်ကြားမှ သွားလာလှုပ်ရှားသော်လည်း
ပျားတကောင်မျှပင် မတုပ်ပေ။
ဆရာတော်သည် မေတ္တာဘာဝနာတရားကို
ထာဝစဉ်ပွားများနေသဖြင့် နတ်များ
ချစ်ခင်ကြည်ညိုကြသည်ဟု သိရှိရပါသည်။
ဆရာတော်သည် ညနေပိုင်း နေဝင်ချိန်တွင် တော၊
တောင်၌ရှိသော နတ်များ၊ စကြာဝဠာအနန္တ၌ ရှိသော
နတ်များကို ဖိတ်ခေါ်ပြီး
ပရိတ်ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဆိုသည်။
နတ်များအတွက် သတသဟဿာရဟ ဂါထာများကိုလည်း
ရွတ်ဆိုပြီး အမျှပေးဝေသည်။ ထို့နောက်
တရားထိုင်သည်။ စာရေးသည်။ အိပ်ရာဝင်ပြီးနောက်
သတ္တလောကကြီးကို ခြုံငုံ၍ မေတ္တာဖြန့်ကြက်သည်။
ထို့နောက် ကိုယ်ခန္ဓာ ဣရိယာပုထ်ကို ပြင်ဆင်ကာ
လက်ယာဘက်စောင်းအိပ်ပြီး အာနာပါနကမ္မဋ္ဌာန်း
အာရုံယူတော်မူသည်။
ဆရာတော်ကြီးသည် ချင်းတောင်တန်း၌ မိုးခေါင်စဉ်
မိုးရွာအောင် ဆောင်ရွက်ပေးခဲ့သည်။
ဆရာတော်ကြီး၏ မေတ္တာစွမ်းအားကြောင့်
ပရိတ်ရေများ ဆူဝေလျှံကျသည်။
ယင်းပရိတ်ရေသောက်သုံးခြင်းဖြင့်
မီးမဖွားနိုင်သော မွေးလူနာများ လွယ်ကူစွာ
မီးဖွားနိုင်သည်။ ဆရာတော်ကြီး၏ ပရိတ်ရေ
အာနိသင်ကြောင့် ကပ်ရောဂါဘေး၊ မီးဘေးမှ
ကင်းဝေးရပါသည်။
ဆရာတော်သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊
လုံပီးကျေးရွာတွင် သီတင်းသုံးတော်မူခိုက်
သက်တော် ၈၆-နှစ်၊ သိက္ခာတော် ၆၆-ဝါအရတွင်
ရန်ကုန်မြို့သို့ ကျန်းမာရေးအတွက်
ဆေးကုသမှုခံယူရန် ကြွရောက်စဉ် ၁၃၅၇-ခုနှစ်
ပြာသိုလဆန်း ၇-ရက် (၂၇-၁၂-၉၅) နေ့၊ ညနေ
၆-နာရီခွဲအချိန်တွင် မန္တလေးလေဆိပ်၌ ဘဝနတ်ထံ
ပျံလွန်တော်မူပါသည်။
****dhamma talks uploaded and published on 25 April 2010****
Audio
၂။ မိဘကျေးဇူး အထူးသိတတ်တရားတော်
၄။ အလုပ်ပေးတရားတော် (မိုးအဆုံးမြေအဆုံးရှာသူ၊ မြင်းမိုရ်တောင်နှင့်စကြာၤဝဠာတည်နေပုံ)
၆။ လူ့ဘဝနှင့် နတ်စည်းစိမ် စံစားရသော သာဓိနမင်းအကြောင်း
၁၀။ ရေမေတ္တာနှင့်ပရိတ်တရားတော်