Masoyein Taikthit Sayadaw
Bhaddanta Yarzadhamar Bhivamsa
မန္တလေးမြို့
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်ကြီး
ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ဟောကြားတော်မူသောတရားတော်များ
************************************
သက်တော် (၈၀) ပြည့် အထိမ်းအှတ် ဂုဏပူဇာမော်ကွန်း
************************************
ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ဘဝပုံရိပ်
ဆရာတော်ကို မြန်မာသက္ကရာဇ် ၁၂၉၅ ခု ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ခရစ်နှစ် ၁၉၃၃ ခု
ဇူလိုင်လ ၁၉ ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအစ်ကို မောင်နှမ ငါးယောက်အနက် တတိယမြောက်
သားရတနာ ဖြစ်သည်။ ၁၃၀၈ ခုနှစ် နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။
၁၃၁၅ ခုနှစ် ပထမဝါဆိုလဆန်း ၅ ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ
ဆရာတော် ဦးကိတ္တိ ဖြစ်သည်။
အင်တိုင်းရွာ တောင်ကျောင်းဆရာတော် ဦးရဝိန္ဒ၊ ဆရာတော် ဦးကောဝိဒတို့အထံတွင်
သင်ပုန်းကြီးမှ စ၍ စတင် ပညာသင်ခဲ့သည်။
၁၃၁၂ ခုနှစ် နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမစာသင်တိုက်သို့ ရောက်ရှိခဲ့သည်။
ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။
၁၃၁၄ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၂ ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက်
ပုသိမ်ကျောင်းသို့ ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။
၁၃၁၅ ခုနှစ် နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။
မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊
သကျသီဟစာချတန်းများကို အောင်မြင်သဖြင့် မစိုးရိမ်တိုက်ကြီး၌ ကျောင်းထိုင်နာယက
စာချအဖြစ်သို့ ရောက်ရှိခဲ့သည်။
မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ်တိတိ စာချပြီး ၁၃၂၉ ခုနှစ် တပို့တွဲလ၌ စိန်ပန်း
မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ်ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍
စာချခဲ့သည်။
ထိုအချိန်က မစိုးရိမ်တိုက်သစ် တစ်တိုက်လုံး စာသင်သား သံဃာ ၆၃-ပါးမျှသာ ရှိသည်။
သံဃာဦးရေ တဖြည်းဖြည်း တိုးပွားလာရာ ၁၃၅၀ ခုနှစ်၌ သံဃာ တစ်ထောင်ကျော်အထိ
တိုးတက်လာသည်။
ယခုအချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။
စိန်ပန်း မစိုးရိမ်တိုက်သစ်၌ သံဃာများလွန်းသဖြင့် ပြည်ကြီးတံခွန်မြို့နယ်၌
မစိုးရိမ်တိုက်သစ် တစ်တိုက် တည်ထောင်ခဲ့သည်။
ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀ ကျော်ခန့် နေထိုင် သီတင်းသုံးလျက်
ရှိသည်။
ယင်းတိုက်သစ်၌လည်း စာသင်သား သံဃာများ တဖြည်းဖြည်း တိုးတက်လာပြီး၊ သောက်သုံးရေ
အဆင်မပြေလှသောကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရားအနောက်ဖက်၌
မစိုးရိမ်တိုက်သစ် အမှတ်(၃)ကို တည်ထောင်ပေးခဲ့သည်။
ယင်းတိုက်၌ စာသင်သား သံဃာ ၁၀၀ ကျော် သီတင်းသုံး နေထိုင်လျက် ရှိသည်။
ဆရာတော်သည် ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ နေ့စဉ် ကိုယ်တိုင် စာပေပို့ချ
သာသနာပြုလျက် ရှိသည်။
++++++++++++++++++++++
video တရားတော်
++++++++++++++++++++++++++++
၁၅-၁၂-၂၀၀၉ မကြောက်တရား - တရားတော်
၂၀-၇-၂၀၁၀ ရဋ္ဌပါလသံဝေဂသုတ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တရားတော်
************************************************
မစိုးရိမ်ဆရာတော် အမေရိက ဓမ္မခရီး
သံဝေဂသြဝါဒကထာ ( ကာလီဖိုးနီးယားပြည်နယ် အဇူဇာကျောင်း တရားပွဲ) ( ၁၈-၆-၁၁) (video)
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ သံဝေဂသြဝါဒကထာ ဟောကြား
ချီးမြှင့်ရာ အရှင်ရဋ္ဌပါလနှင့် ကောရဗျမင်းကြီးတို့၏ အမေးအဖြေကို ကောက်နုတ်ကာ
လင်္ကာများဖြင့် ဟောကြားပြီး၊ ၁၉၃၅ ခုနှစ်က ဆရာဇော်ဂျီ ဖွဲ့ဆို ရေးစပ်ခဲ့သော
သင်သေသွားသော် ကဗျာကိုလည်း မှတ်သားဖွယ် ထည့်သွင်း ဟောကြားသွား၏။
သံဝေဂသြဝါဒကထာ လင်္ကာများ
ဆိုးပင်ပျိုးက၊ ဆိုးကျိုးရ၊ လောကဓမ္မတာ။
ပူရုပ်ဖြစ်လာ၊ အေးရုပ်မှာ၊ သေချာ ပျက်ပေသည်။
အေးရုပ်ဖြစ်လာ၊ ပူရုပ်မှာ၊ သေချာ ပျက်ပေသည်။
မီးတောက်သေရာ၊ မီးရောင်ဝါ၊ မကွာ ပျက်စီး၏။
ထို့တူမခြား၊ ရုပ်ပျက်ငြား၊ ဓာတ်သား နာမ်ပျက်၏။
ဇရာဗျာဓိ၊ ဘောဉာတိ၊ ပါရိဇုည လေး။ (ပါရိဇုည = ပျက်စီးခြင်း)
နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊ အိုခြင်းနောက်ဆုံး ရှိချေ။
ခန္ဓကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍ မပျို၊ အိုသာ အိုခဲ့။
ရောဂါကင်းရှင်း၊ ကျန်းမာခြင်းကား၊ နာခြင်းနောက်ဆုံး ရှိချေ၏။
ဝိညာဉ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏။
ပုခက်နှင့်ပေ၊ ဝေးလေလေ၊ နီးလေ သင်္ချိုင်းပေတကား။
သင်သေသွားသော်
သြော် ... လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၁၊ ဒီဇင်ဘာ ၁၉၃၅)
Posted by LokaChantha
*****************************************
မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ အော်ဘနီ၌ ဟောကြားအပ်သော ညီညွတ်ရေး တရားတော် (၂) (၆-၁၁-၁၁)
****************************************
၂၀၁၁ ခုနှစ် ဇွန်လ ၁-ရက်
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါထေရဝါဒဓမ္မအသင်းတည်ထောင်ခြင်းနှင့်
သီတဂူသံဃဝိဟာရ ကျောင်းလွှတ်ပူဇော်ပွဲ ၌
မစိုးရိမ်ဆရာတော် မိန့်ကြားတော်မူသော
အကြွားမလွဲနဲ့
သြဝါဒကထာ
ဘုရားရှင်က တိုင်းပြည်တိုးတက်ဘို့အတွက် အသင်းအဖွဲ့တွေတိုးတက်ဘို့အတွက်
ဟောကြားခဲ့တဲ့ တရားတော်တွေကို မှီငြမ်းပြုပြီးတော့ မဃဒေဝလင်္ကာမှာ ဆရာတော်ကြီးက
မင်းနှင့်ပြည်သူ ရှင်လူဒကာ ပွင့်လင်းသာလျှက်၊ မေတ္တာမပျက်၊ စောင့်ရှောက်ဖက်မှ၊
တိုးတက်ကြီးပွား၊ ချမ်းသာများလိမ့်တဲ့ နိုင်ငံတစ်နိုင်ငံ ဆိုရင် အုပ်ချုပ်တဲ့
ရှင်ဘုရင် အစိုးရပုဂ္ဂိုလ်တွေနဲ့ ပြည်သူဆိုတဲ့ အုပ်ချုပ်ခံလူတန်းစား အဲဒီနှစ်ဦး
မေတ္တာမပျက်မှ ကြီးပွားတိုးတက်တယ်တဲ့။ ဘာသာရေးမှာလည်း ရှင်လူဒကာ
ပွင့်လင်းသာလျှက်တဲ့ ကျောင်းထိုင်ဆရာတော် တွေ၊ လူဒကာ ဒကာမတွေဟာ မေတ္တာမပျက်၊
စောင့်ရှောက်ဖက်မှ၊ တိုးတက်ကြီးပွား၊ ချမ်းသာများလိမ့် လို့
မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာမှာ ဆုံးမထားတယ်။
ဒီလင်္ကာအဆုံးအမအတိုင်းပဲ ဒကာ ဒကာမနဲ့ သီတင်းသုံးမယ့်ဘုန်းကြီးများ မေတ္တာမပျက်ဘဲနဲ့
သာသနာ ပြုသွားကြဘို့ အရေးကြီးတယ်။ ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ ကမ္ဘာအရပ်ရပ်
နေရာအရပ်ရပ်မှာ နေကြတာရှိတယ်။ များသောအားဖြင့် မြန်မာတွေက မတည့်တာများတယ်။ အဲဒါ
အတော်စိတ်ပျက်စရာကောင်း တယ်။ တစ်နိုင်ငံမှာ တစ်ယောက်တည်းရှိရင်တော့ တည့်မှာပေါ့။
နှစ်ယောက်လောက်ရှိရင် မတည့်တော့ဘူး။ နောင်ဆိုရင် တစ်ယောက်တည်းကိုပဲ
ကိုယ့်အရိပ်နဲ့ကိုယ် ရန်ဖြစ်ကြမလားမသိဘူး။ မြန်မာတွေမှာ အဲဒီအကျင့် လေးတွေရှိနေတယ်။
အဲဒါကို ဖျောက်ဘို့လိုတယ်။
ဘယ်နိုင်ငံရောက်ရောက် ဘာသာရေးအသင်းအဖွဲ့လေးတွေ တစ်ဦးနဲ့တစ်ဦး သဘောထားမတိုက်ဆိုင်
တာလေးတွေကို အကြောင်းပြုပြီးတော့ မညီမညွတ်ဖြစ်နေတာကများတယ်။ ပြီးတော့
ဘုန်းကြီးတွေရော ဒကာ ဒကာမတွေရောကို မဃဒေဝဆရာတော်ကြီးက ဆက်ပြီးဆုံးမထားတယ်။ သူ၏ဆရာ၊
ငါ့ဆရာဟု၊ တဏှာရော ယှက်၊ မာနတက်၍၊ သူ့ဘက်ငါ့ဘက်၊ တီးလျှက်ဆော်ရိုက်၊
နွားကိုတိုက်သို့၊ အမိုက်ပွဲခံ၊ ပါပကံဖြင့်၊ အုန်းညံ ဝိုင်းညာ၊ ပြုကြရာဝယ်၊
ဆရာကြက်ဖျင်း၊ ပညာကင်းသို့၊ အတင်းစောင်၍၊ နွားနှယ်ဝှေ့၏ တဲ့။ ဆရာတော်ကြီး က
သာသနာမှာ ဒကာဒကာမ နဲ့ ဘုန်းကြီးတွေ ဖြစ်တတ်တဲ့ဟာကို ရေးသားပြီးတော့ ဆုံးမသွားတာ။
သူ့ဆရာ ငါ့ဆရာဆိုပြီးတော့ ဒကာဒကာမတွေက မြှောက်ပေးတာနဲ့ ဘုန်းကြီးတွေ
ရန်ဖြစ်ကြတာပေါ့။ အဓိက ဒါပါပဲ။ ဒီတော့ သံဃာတော်အရှင်မြတ်များကလည်း ဒကာဒကာမတွေ
မြှောက်ပေးတိုင်း ရန်မဖြစ်ဘို့လိုတယ်။ အေး ဒကာဒကာမတွေကလည်း သံဃာတော်တွေ
ရန်ဖြစ်အောင်မမြှောက်ကြဘို့လိုတယ်။ ဒကာဒကာမတွေက လည်းမြှောက်ပေးပုံရပါတယ်
အမေရိကန်မှာ ရောက်ခဲ့တဲ့နေရာအတော်များများမှာ ဒါလေးတွေတွေ့နေရတယ်။ အချင်းချင်း
ညီညီညွတ်ညွတ်နေမှသာ တိုးတက်တယ်။ မညီညွတ်ဘူးဆိုလို့ရှိရင် ဘယ်နည်းနဲ့မှမတိုးတက်ဘူး။
ပြီးတော့ မင်းတို့ ဒီအမေရိကန်တို့ အင်္ဂလန်တို့ တိုင်းပြည်အသီးသီးမှာရောက်နေတဲ့
ဒကာဒကာမတွေ အကြွားလွဲနေတာရှိတယ်။ ဘာလဲဆိုရင် တပည့်တော်တို့သားလေးက၊ သမီးလေးက
ဗမာစကားတောင် မပြောတတ်ဘူးဘုရာ့၊ အင်္ဂလိပ်လိုပဲပြောတယ် လို့ဆိုပြီး
အကြွားလွဲနေတာလေးတွေရှိတယ်။ ဗမာမိဘနှစ်ပါး က မွေးဖွားတဲ့ကလေးဟာ
ဗမာစကားတော့ပြောတတ်ဘို့ကောင်းတာပေါ့။ အဲဒါကို တလွဲဆံပင်ကောင်းပြီးတော့
ကြွားကြတာတွေရှိတယ်။ အဲဒါတွေလဲပဲ ဆင်ခြင်ဘို့ကောင်းတယ်။ ကိုယ့်သားသမီးကို
ကိုယ့်ဘာသာစကား သင်ကြားပေးဘို့ကောင်းတယ်၊ ဘာသန္တရဆိုတာ ဘယ်လောက်ပဲများများ
တတ်ကျွမ်းတယ် ပြောတတ်တယ် ဆိုရင် သိပ်ကောင်းတာပေါ့။ ဘာလို့ဆို
ဒို့ကုလသမဂ္ဂအတွင်းဝန်ချုပ် ဦးသန့်ကို အတွင်းဝန်ချုပ်မြှောက်မယ် လို့ဆိုတုန်းက
တချို့နိုင်ငံတွေက ကန့်ကွက်တယ်၊ ဘာကြောင့်လဲဆိုတော့ ဦးသန့်က အင်္ဂလိပ်လိုပဲ ပြောတတ်
တယ်၊ ကျန်တဲ့ ပြင်သစ်တို့ ရရှားတို့ တရုတ်တို့ စတဲ့ကုလသမဂ္ဂ
ရုံးသုံးဘာသာတွေဆိုကြပါတော့ အဲဒါတွေကို သူကမပြောတတ်ဘူးတဲ့၊ အဲဒါကြောင့်
ကန့်ကွက်ကြတာ။ ဒီတော့ ဘာသာစကားဆိုတာ များများပြောဆိုနိုင် လေ ကောင်းလေပဲ။
ကိုယ့်သားသမီးတွေကိုတော့ မြန်မာမိဘရဲ့သားသမီးပီပီ မြန်မာစကားတတ်အောင်တော့
သင်ပေးကြပါ။ မဟုတ်တာကို တလွဲဆံပင်ကောင်းပြီး မကြွားချင်ကြနဲ့။
အခုလို ဘုန်းကြီးကျောင်းတွေ ဘာတွေရှိလာတော့ ဒီကလေးငယ်တွေကို ဘာသာရေးသင်တန်းတွေ
ဖွင့်ပေးပြီးတော့ ဘာသာရေးလေးပါ သင်ပေးရင် ပိုပြီးတော့ကောင်းတယ်။
ဘာသာစကားနဲ့ပတ်သက်ပြီးတော့ နည်းနည်းပြောဦးမယ်၊ ဟိုတုန်းက
ပါမောက္ခဦးကျော်ရင်ဆိုတာရှိတယ်၊ ရခိုင်လူမျိုး။ သူ ရှရားမှာသွားပြီးတော့
ဝန်ထမ်းလုပ်တယ်၊ တက္ကသိုလ်တစ်ခုမှာ ပါမောက္ခလုပ်တယ်။ အဲဒီမှာ
ပါမောက္ခအချင်းချင်းမေးကြတယ် ခင်ဗျားတို့မြန်မာနိုင်ငံမှာ လူမျိုးတွေ
ဘယ်နှစ်မျိုးလောက်ရှိတုန်းဆိုတော့ ရှမ်းရှိတယ်၊ ကချင်ရှိတယ်၊ ကရင် ရှိတယ်
စသဖြင့် လျှောက်ပြောတယ်။ ဒါဖြင့် သူတို့စကားတွေက တစ်မျိုးစီ ကွဲပြားကြတာလား ဆိုတော့
ဟုတ် တယ် ရှမ်းက ရှမ်းစကား၊ ကရင်က ကရင်စကား
စသဖြင့်အမျိုးမျိုးကွဲကြတာပေါ့ဆိုတဲ့အခါ။ ခင်ဗျားကော
ဘာသာဘယ်နှစ်မျိုးလောက်ပြောနိုင်တုန်းဆိုတော့ ကျွန်တော် မြန်မာစကားကလွဲပြီး
ကျန်တဲ့ဘာသာစကား တွေဘာမှ မပြောတတ်ပါဘူးဗျာလို့ ဖြေလိုက်ရတယ်တဲ့။ အဲဒါကို
ဦးကျော်ရင်က ငါတော့ အရှက်ကွဲခဲ့ပြီဟေ့ လို့ခေါင်းစည်းတပ်ပြီးတော့
ဆောင်းပါးရေးတယ်။ အေးအဲသလို အရှက်မကွဲအောင် ကိုယ့်တိုင်းရင်းသား
ဘာသာတွေလည်းတတ်ထားရင် ကောင်းတာပေါ့။
အဓိကကတော့ ကိုယ့်သားသမီးလေးတွေ မြန်မာက အင်္ဂလိပ်စကားမပြောတတ်တာ ရှက်စရာမဟုတ် ဘူး။
ကိုယ့်စကား ကိုယ်မပြောတတ်ဘူးဆိုရင်တော့ အလွန်ရှက်စရာကောင်းတယ်။ ဒါကြောင့်
သင်ပေးကြပါ၊ ဘာသန္တရဆိုတာ များစွာတတ်လေ ကောင်းလေပါပဲ။
မန်လည်ဆရာတော်ဘုရားကြီးရဲ့ဆုံးမသြဝါဒအတိုင်း အချင်းချင်းညီညီညွတ်ညွတ်
မေတ္တာနဲ့နေထိုင် သွားကြမယ်ဆိုရင် ဒီအသင်းကြီးတိုးတက်မယ်။ ဒီလိုမဟုတ်ပဲ
တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲပြီးတော့ အချင်းချင်းရန်ဖြစ်နေကြမယ်ဆိုရင်
ဒီအသင်းဘယ်နည်းနဲ့မှ တိုးတက်မှာမဟုတ်ဘူး။ ဒါကြောင့် နာနာ ဟိ နော ဘန္တေ ကာယာ ဧကံ ပန
စိတ္တံ မညေ တပည့်တော်တို့ အသင်းသူအသင်းသားနဲ့ ကျောင်းထိုင်ဘုန်းကြီးတွေက
ခန္ဓာကိုယ်သာ ကွဲတာဘုရား စိတ်က တစ်စိတ်တည်းလို့ သဘောထားပြီး သာသနာပြုလုပ်ငန်း
ဆောင်ရွက်ကြ ပါလို့ တိုက်တွန်းရင်း ဘုန်းကြီးရဲ့ သြဝါဒစကားကို နိဂုံးချုပ်ပါတယ်။
သာဓု သာဓု သာဓု
**********************************************
မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၁
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ကြီး ၃ တိုက်တို့၏ အဓိပတိနှင့် မဟာနာယကချုပ်
ဖြစ်တော်မူသော ဆရာတော်ကြီး ဘဒ္ဒန္ထရာဇဓမ္မာဘိဝံသဟာ အမေရိကန်နိုင်ငံသို့
ဒုတိယအကြိမ်မြောက် ဓမ္မဒူတခရီး ကြွရောက်တော်မူလာပါတယ်။ ယခင် ရက်သတ္တပတ်မှာ
ဆန်ဖရန်ဘေးဧရိယာသို့ ကြွရောက်လာခိုက် ဆရာတော်ကြီးကို ဖူးတွေ့ရစဉ်မှာ ဆရာတော်ကြီး၏
ဟောပြောချက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဆရာတော်ကြီးဟာ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တပါးဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်
သပိတ်မှောက်ကံဆောင်ခဲ့စဉ်က စစ်အစိုးရက ဖမ်းဆီးပြီး အကျဉ်းချထားခဲ့လို့
ထောင်တွင်းမှာ ၁ နှစ် ကျော် သီတင်းသုံးခဲ့ရပါတယ်။ ဆရာတော်ကြီးနဲ့အတူ
ထောင်သွင်းအကျဉ်းချခံခဲ့ရသူကတော့ ၂၀၀၈ ခုနှစ်က ပျံလွန်တော်မူခဲ့ပြီဖြစ်တဲ့
အမေရိကန်ပြည်ရှိ သာသနမောဠိအဖွဲ့ နာယကအဖြစ် ဦးဆောင်မှုပေးခဲ့သူ
မစိုးရိမ်ဆရာတော်ကြီးတပါးဖြစ်တဲ့ ဦးကောဝိဒါဘိဝံသဖြစ်ပါတယ်။
ဆရာတော်ကြီး ၂ပါးကို မန္တလေးထောင်ထဲမှာ အဓမ္မလူဝတ်လဲပြီး
ချူပ်နှောင်ဖမ်းဆီးခဲ့ကြပါတယ်။ အဲသည်အကျဉ်းထောင်က တနှစ်နဲ့ ၇ လအကြာ မှာ အစိုးရက
ပြန်လွှတ်ပေးလိုက်ချိန်မှာ ထောင်အဝတ်အစားနဲ့ ဆရာတော်ကြီးတွေဟာ ထောင်အနီးက
လဘက်ရည်ဆိုင်မှာ ဒကာတော်၊ ဒကာမများ လာရောက်ဆက်ကပ်တဲ့ သင်္ကန်းကို ချက်ခြင်း
ဝတ်ရုံပြီး သူတို့ရဲ့ မစိုးရိမ်စာသင်တိုက်တွေဆီ ပြန်လည် ကြွချီသွားခဲ့ကြတယ်။
တပည့်သံဃာတော်များနဲ့ ဗုဒ္ဓဘာသာဝင်သူတော်ကောင်း ဒကာ၊ ဒကာမများက ဝမ်းသာအားရ
တညီတညွတ်တည်း ကြိုဆိုခဲ့ကြတဲ့အကြောင်းကို ကွယ်လွန်သွားပြီဖြစ်တဲ့
မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသက မိုးမခကို မိန့်ကြားခဲ့ဖူးပါတယ်။
၂၀၀၁ ခုနှစ်က ပထမအကြိမ်ရောက်ရှိခဲ့ပြီး ယခု ဒုတိယအကြိမ် ရောက်ရှိလာချိန်မှာတော့
ဆရာတော်ကြီးက မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာကြီးပွားဖို့အတွက်
မြန်မာပြည်သားတွေအားလုံး ညီညွတ်ကြဖို့ကို အထူးအားစိုက် လှည့်လည်
ဟောပြောလျှက်ရှိနေပါတယ်။
ဆရာတော်ကြီး ဟောပြောချက်အချိူ့နဲ့ ဖြေကြားချက်အချို့ကို ပြန်လည် ကောက်နုတ်ရသည်
ရှိသော်
ကုသိုလ် ပညာ ကိုယ်ကျန်းမာနှင့် ဥစ္စာတန်ဖိုး တမျိူးမျိူးမှ မတိုးမတက် ထိုနေ့တွက်
သက်သက်ဝမ်းနည်းဖွယ် တဲ့။ မှတ်ထားကြ၊ ကုသိုလ်၊ ပညာ၊ ကျန်းမာရေး ဒါမှမဟုတ်
စီးပွားရေး တခုခုမှ ဒီနေ့မှာ တိုးတက်မှုမရှိဘဲ၊ အချိန်ကုန်သွားတယ် ဆိုရင် လူ့ဘဝမှာ
သိပ်ကို ဝမ်းနည်းဖို့ ကောင်းတယ် လို့ ပြောတာ ဖြစ်ပတယ်။ တမျိုးမျိူးတော့
တိုးတက်အောင် လုပ်တဲ့။
နောက်ပြီးတော့ ဘုရားက ဒီဃနိကယ်မှာ သီလကို ၃ မျိူး ခွဲဟောထားတယ်။ အဲသည်
သီလတွေထဲမှာ စူဠသီလဆိုတဲ့ အနိမ့်ဆုံးသီလကို ဟောထားတယ်။ အဲဒါက ဘာလဲဆိုတော့
သဘောထားကွဲလွဲတဲ့ ပုဂ္ဂိုလ်များကို သဘောထားညီညွတ်သွားအောင် စေ့စပ်ပေးရမယ် လို့
ဆိုထားတယ်။ ဒါဟာ သီလတမျူိုးဖြစ်တယ်။
မင်းတို့ အခုလောကမှာက တဦးနဲ့ တဦး သဘောထားကွဲလွဲနေကြတယ် ဆိုရင် ပိုပြီး
ကွဲလွဲကြအောင် ဝင်ပြီး မြှောက်ပေးနေကြတာမျိူး ဖြစ်နေတယ် မဟုတ်လား။ ရန်ဖြစ်သည်ထက်
ဖြစ်အောင် လုပ်နေကြတာတွေ တွေ့နေရတယ်။ ဘုရားကတော့ သဘောထားကွဲနေရင်
သဘောထားညီညွတ်သွားအောင် စေ့စပ်ပေးကြပါတဲ့။ ဒါဟာ သီလပဲ။ စူဠသီလ ခေါ်တယ်။
နောက်ပြီၤးတခုကတော့ နဂိုမူလကတည်းက ညီညွတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ပိုပြီး
ညီညွတ်အောင်လို့ အားဆင့်ပေးကြပါတဲ့။ အဲသည်လို အားဆင့်ပေးပါ။ ဥပမာ
အစ္စရေးလူမျိုးတွေကို ကြည့်ရင် သူတို့အမျိူးအဆွေတွေကို တစုတစည်းတည်း ရှိနေအောင်
အချင်းချင်း စောင့်ရှောက် ကာကွယ်ကြတာကို ကြည့်။
ဒါကို အသိဉာဏ်ရှိတယ်လို့ ခေါ်တယ်။ ငါတို့ မြန်မာတွေက အသိဉာဏ် အားနည်းကြတယ်ကွ။
ဒါကြောင့် မညီညွတ်တာကို တွေ့ရင် ညီညွတ်အောင် စေ့စပ်ပေးကြပါ။ ညီညွတ်နေတာကို
တွေ့ရင်လည်း ပိုပြီး ညီညွတ်လာအောင် အားတွေဆင့်ပေးကြပါ။ ဒါဟာ
ဘုရားရှင်ကိုယ်တော်တိုင် ဟောပြထားတဲ့ စူဠသီလ ဖြစ်ပါတယ်။
စူဠသီလထဲမှာပါတဲ့ သိက္ခာပုဒ် ၂ ပုဒ် ဖြစ်တယ်နော်။ စူဠသီလထဲမှာတင်ကို သိက္ခာပုဒ် ၂၆
ပုဒ် ရှိတယ်။ သာမန်လူတွေနဲ့ ဆိုင်ရာ ဒီ ၂ ခု က အဆိုင်ဆုံးပဲ။ ဘိန္ဒာနံ သံဃာနံ
ကွဲပြားနေကြရင် စေ့စပ်ပေး။ ပရိတာနံ အနုပဟေတာ ညီညွတ်နေရင် ပိုပြီး အားဆင့်ပေး။
ဒါတွေ မင်းတို့ အများကြီး လုပ်ဖို့လိုတယ်။
နောက်ပြီးတော့ ပြောချင်တာတခုက သင်တို့တွေက ဘယ်လိုလူမျူိုးတွေ ဖြစ်ချင်ကြသလဲ။
ဘယ်လိုဆုတောင်းတွေ တောင်းကြသလဲ။ လောကီဆန်းကျန်းထဲမှာ ဆန်းကျန်းဆရာက
စာအုပ်နောက်ဆုံးမှာ ဆုတောင်းထားတယ်။ ဘာတောင်းထားသလဲ ဆိုတော့ ဖြစ်တိုင်း
ဖြစ်တိုင်းသော ဘဝမှာ သူတပါးရဲ့ အကျိူးစီးပွားကို ဆောင်ရွက်နိုင်သောသူ ဖြစ်ရပါလို၏
တဲ့။ ဒါက ပရဟိတအလုပ်ပေါ့။ သည်လို ပရဟိတအလုပ်ကို ရွှင်ရွှ့င်ပြပြနဲ့ ဆောင်ရွက်လိုပါ၏
လို့ ဆုတောင်းတာ။ ဒါဟာ အင်မတန် လိုက်နာဖို့ ကောင်းတယ်။
မညီညွတ်သူတွေကိုလည်း စေ့စပ်ပေး၊ ညီညွတ်နေရင်လည်း ပိုအားပေး၊ ဒီလိုမျိူး
အားထုတ်ကြမှသာ ဇာတိဖြစ်တဲ့ မြန်မာနိုင်ငံက ကောင်းမွန် တိုးတက်မှာ ဖြစ်တယ်။
ဒီအတိုင်း ရန်ဖြစ်နေလို့ကတော့ မကောင်းဘူး၊ သေချာတယ်။ အခု ငါတို့ဆီမှာ အချင်းချင်း
ရန်ဖြစ်နေကြတယ်။ ကချင် ကချင်ချင်းလည်း ရန်ဖြစ်တယ်၊ ရှမ်း အချင်းချင်းလည်း
ရန်ဖြစ်တယ်။ မြန်မာ မြန်မာချင်းလည်း ရန်ဖြစ်တယ်။ ပြီးတော့ မြန်မာနဲ့ ရှမ်း၊
ကချင်နဲ့ မြန်မာနဲ့လည်း ရန်ဖြစ် ဒါမျိူးတွေ ဖြစ်နေတယ်။
မြန်မာပြည်မှာလည်း ကွန်မြူနစ်လုပ်တဲ့သူတွေလည်း ကွဲကြတယ် မဟုတ်လား။ အလံနီ၊ အလံဖြူတွေ
ကွဲကြတယ် မဟုတ်လား။ သခင်သန်းထွန်းတို့နဲ့ သခင်စိုးတို့နဲ့ ကွဲကြတယ် မဟုတ်လား။
သခင်စိုးကြီးက နောက်ဆုံးမှာ အသက် ၈၀ ကျော်တော့ သံဝေဂရလာတယ် ဆိုတယ်။ အဲသည်မှာ
သခင်စိုးကြီး ရေးခဲ့တဲ့ စာ ၂ ကြောင်း ရှိတယ်။ သူ့ဟာ အတော်ကောင်းတယ်။
နံပါတ် ၁ က နေရာတကာ ဒေါသဖြင့် အကြမ်းဖက်မှုကို ရှောင်ကြဉ်ပါ။ တဲ့
နံပါတ် ၂ က ဒီမိုကရေစီဆိုတဲ့ နံမည်သုံးပြီး သူမှားခဲ့တဲ့ အမှားတွေ ထပ်မမှားကြပါနဲ့။
တဲ့။
ဒါကို ပြန်ရေးတာက ဒေါက်တာ မောင်မောင်ကွ။ သူရေးတဲ့ Uprising in Burma ထဲမှာ ပါတယ်။
မင်းတို့ မကြားဖူးဘူးလား။ စာများများ ဖတ်ကြပါကွ။ တနေ့ ၁၅ မိနစ်တော့ ဖတ်ကြပါ။
သခင်စိုးကြီးက သူမကွယ်လွန်မီမှာ မျိူးဆက်သစ်နိုင်ငံရေးသမားများကို မှာခဲ့ပါရစေတဲ့။
နံပါတ် ၁ က နေရာတကာ ဒေါသဖြင့် အကြမ်းဖက်မှုကို ရှောင်ကြဉ်ပါ။ တဲ့
နံပါတ် ၂ က ဒီမိုကရေစီဆိုတဲ့ နံမည်သုံးပြီး သူမှားခဲ့တဲ့ အမှားတွေ ထပ်မမှားကြပါနဲ့။
တဲ့။
အဲဒါ သခင်စိုးကြီးက ငယ်ငယ်ရွယ်ရွယ်နဲ့ အဲသည်လို သံဝေဂသာ ရခဲ့မယ် ဆိုရင်
သိပ်ကောင်းမှာကွ။ သခင်သန်းထွန်းလည်း သည်လိုဖြစ်ရင် ကောင်းမှာပေါ့ကွာ။
မောင်သိန်းဖေတို့၊ သခင်နု တို့ကအစ အားလုံးက အာဏာလိုချင်ကြတာကိုး။ ဦးနေဝင်းလည်း
ပါတာပေါ့ကွာ။ သူကတော့ အဆိုးဆုံးပေါ့။ အဲသည်တုန်းက မညီညွတ်ခဲ့ဘူး။ မာနတွေကလည်း
ကြီးကြတာကိုး။
အဲသည်တုန်းက ပျဉ်းမနားညီလာခံမှာ လူတွေ အများကြီး တက်လာကြတယ်ဆိုပြီးတော့
သူတို့ကိုယ်သူတို့ အတော်ဟုတ်ပြီ ထင်ခဲ့ကြတယ်။ တကယ်က မတက်မနေရ တက်ခိုင်းလို့
တက်ကြရတာကို သူတို့က မသိကြဘူး။ အတော်ခက်တဲ့ ကောင်တွေပဲ။ ငါကတော့ ဘယ်သူမှ
အထင်မကြီးဘူး။
စာနယ်ဇင်းသမားတွေ လုပ်ပုံတွေကိုလည်း ပြောရဦးမယ်။ ငါတို့မစိုးရိမ်တိုက်တွေကို
စစ်တပ်က ဝင်ပြီး ရှာတဲ့အကြောင်းတွေလည်း ငါတို့ မစိုးရိမ်ရာပြည့်စာအုပ်ထဲမှာ
အဖြစ်အပျက်အတိုင်း အမှန်အတိုင်း ငါကိုယ်တိုင် ရေးထားတယ်။ အဲသည်တုန်းက
သတင်းစာတွေထဲမှာ ဘယ်လို ခေါင်းစီးကြီးနဲ့ ရေးသလဲဆိုတော့ တင်းဝင်အိုးကြီး ၆၀ နဲ့
ကျည်ဆံများ မိခြင်းလို့ ရေးထားတယ်။ တင်းဝင်အိုးကြီး ၆၀ ဆိုတာ မှန်တယ်။ ဒန်အိုးစက်က
သူတို့ဂိုဒေါင်တွေ ပြင်နေလို့ ကျောင်းမှာ သူတို့တင်းဝင်အိုးကြီးတွေ လာထားထားတော့
အဲသည် တင်းဝင်အိုးကြီးတွေကို သူတို့မိတယ်ပေါ့ကွာ။ ပြီးတော့ ကျည်ဆံတွေမိတယ်ဆိုတာ
ကျည်ဆံ အဆွေးအပျက်ကလေး ၄၊ ၅ တောင့်လောက်ကို သတင်းပေးထောက်လှမ်းရေးနဲ့
လက်ထောက်ချပြီး ကြိုမြှပ်ထားတာကို ဖောြ်ပီး မိတယ် ပြောတာ။ ဒါပေမယ့်
သတင်းခေါင်းစဉ်ကြီးမှာက တင်းအိုအိုးကြီး ၆၀ နဲ့ ကျည်ဆံများ မိတယ်လို့ ရေးထားတော့
တင်းဝင်အိုးအပြည့်နဲ့ ကျည်ဆံတွေမိတယ်မိတယ်လို့ သာမန်စာဖတ်သူတွေက
အထင်ဖြစ်ကုန်ကြတာပေါ့။
ဒါကို ငါတို့က ထောက်ပြတော့ သူတို့က ပြင်ပေးမယ်လို့ ပြောတော့၊
တို့မစိုးရိမ်ဆရာတော်ကြီးက ဘယ်လိုပြောသလဲဆိုတော့ ငါတို့တိုက်က
မင်းတို့ဖြူတယ်ဆိုတိုင်း မဖြူဘူး။ မင်းတို့မည်းတယ် ဆိုတိုင်း မမည်းဘူး။
တို့ဖြူအောင်လုပ်မှ ဖြူမှာ၊ မည်းအောင်လုပ်မှ မည်းမှာလို့ ဆရာတော်က
ပြန်ဖြေတော်မူတယ်။ အဲဒါကို ငါက မစိုးရိမ်ကျောင်းရာပြည့်အထိမ်းအမှတ်စာအုပ်မှာ
ရေးထားတယ်။ ဒါဟာ စာနယ်ဇင်းစိတ်ဓာတ်မဟုတ်ဘူးလို့ ငါရေးထားတယ်။ တို့ဆီက သတင်းစာတွေက
အဲသည်လိုတွေ ဖြစ်နေတယ်။
မင်းတို့ စာနယ်ဇင်းသမားတွေ စာနယ်ဇင်းအလုပ်လုပ်ကြမယ်ဆို မှတ်ထားကြ။
အမှန်အတိုင်းရေးကြ၊ မျက်နှာမလိုက်နဲ့။ ခေါင်းကြီးပိုင်းမှာတော့ ဘက်လိုက်ပြီး
ရေးချင်တာကို ရေးကြပေါ့။ ကိုယ်အဖြူကြိုက် အဖြူပေါ့။
မြန်မာပြည်မှာ ငါတို့တွေ အားလုံးက ညံ့ကြလို့ပါကွာ။ အသိဉာဏ်ပညာ အားနည်းကြတယ်။
ဒါကြောင့် အနည်းဆုံးတော့ စူဠသီလလေး ၂ ခုတော့ မြဲအောင် လုပ်ကြ။ မညီညွတ်နေရင်
ညီညွတ်အောင် ဝိုင်းလုပ်ပေး။ ညီညွတ်နေကြပြီဆိုရင်လည်း ပိုပြီး အားကောင်းအောင်
ဝိုင်းအားပေး။ အဲဒါကို တိုက်တွန်းရင်း ငါ့သြဝါဒကို နိဂုံးချူပ်လိုက်ပါတယ်။
(သာဓု၊ သာဓု၊ သာဓု ပါဘုရား )
မိုးမခမှ ကူးယူဝေငှပါသည်
**********************************************
သြဝါဒ ကထာ
စံပြခေါင်းဆောင်များ ဖြစ်ကြပါစေ..
မိမိကိုယ်တိုင်မှန်ကန်တည့်မတ်သော လမ်းကြောင်းပေါ်မှာလျှောက်လှမ်းပြီး
နောက်လိုက်ငယ်သားများကိုလည်း မှန်ကန် တည့်မတ်သော လမ်းကြောင်းပေါ်ရောက်အောင်
တင်ပေးနိုင်သူကိုသာ စံပြခေါင်းဆောင်လို့ဆိုရပါတယ်။ ကဿပဘုရားရှင် လက်ထက်တော်က
ဂဝေသီဆိုတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်က ငါဟာခေါင်းဆောင်တစ်ယောက်အနေနဲ့
နောက်လိုက်ငယ်သားတွေထက် သာလွန်သော ဂုဏ်ထူးတစ်ခု ရှိသင့်တယ်လို့စဉ်းစားမိဘူးပါသတဲ့ ။
အခုခေတ် သာသနာ့ ခေါင်းဆောင်များ နိုင်ငံခေါင်းဆောင်များ အနေနဲ့ ဂဝေသီလို
စဉ်းစားမိဖူးကြပါရဲ့လား။ ခေါင်းဆောင်တိုင်းဟာ သဘောထားကြီးဖို့လည်း
အင်မတန်လိုအပ်ပါတယ်။ ခေါင်းဆောင်ဖြစ်ပြီး သဘောထားသေးသိမ်ရင် မကြီးပွားနိုင်ပါဘူး။
သဘောထားကြီးပြီး မှန်ကန်သော လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်တဲ့
စံပြခေါင်းဆောင်ကောင်းများ ဖြစ်ကြပါစေ။ ။
မဟာနာယက ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ